ရေချိုးခါနီး ခေါင်းလောင်းကြိုးဆွဲ သံကြားလိုက်ရတယ်။
အပြင်ထွက်ကြည့်လိုက်တဲ့ အချိန်…
“ကိုဝေယံ ဖုန်းလာတယ် “
“ဟုတ် လာပြီလာပြီ ဦးလေး”
ဒီချိန် အိမ်ပြန်ရောက်တက်မှန်းသိလို့ အိမ်က ဖုန်းဆက်လေ့ရှိတယ်။ အလွမ်းပြေပေါ့။
လာခေါ်တဲ့ ဦးလေး ကြီးက ကျနော်တို့ လမ်းတို့ထိပ်က အများသုံးတယ်လီဖုန်းဆိုင်က ဦးလေးကြီးပါ။
ဒီလိုနဲ့ ကျနော် အင်္ကျီလေးပြန်ဝတ် တိုက်ခန်းပေါ်က ပြေးဆင်း ဖုန်းဆိုင်ကို ပြေးရတာပေါ့။
လမ်းထိပ်ထိ ပြေးရတာဆိုတော့ မောတာပေါ့။ ဆိုင်ရောက်တာနဲ့
“ဦးလေး ဒီဖုန်းလား”
“အေး ဟုတ်တယ်”
အားရဝမ်းသာစွာ ဖြင့် ဖုန်းကောက်ကိုင်လိုက်ပြီး
“ဟဲလို …”
“တူတူတူ … ”
ဖုန်းကျသွားလေ သည်။
သြော် ပြန်ခေါ်မှာပါဆိုပြီး ထိုင်စောင့်နေစဉ်
ကလင်ကလင်….
ဖုန်းကို ကောက်ကိုင်လိုက်ပြီး
“ဟဲလို မေမေလား”
ဟိုဘက်က ကိုယ့်ထက် ဦးအောင် မေးသည်
“ဟဲလို သမီးလား”
“အဲ ဟုတ်ဘူးခင်ဗျ”
“ခုန ခေါ်ခိုင်းထားတဲ့ ၁ လမ်းထဲက မသီရိရောက်ပီလားမသိဘူး”
ကျနော်ထက် အရင် ရောက်နေတဲ့ ကောင်မလေးတစ်ယောက် ဖုန်းဖြစ်လို့ ကျနော် ဦးစားပေးလိုက်ရပြန်သည်။
သူတို့လဲ အလွမ်းသယ် ၆ မိနစ်လောက်ကြာတော့ ဖုန်းချ ပြန်သွားပြီး ဖုန်းထပ်မြည်လာတယ်။ အခုကောက်ကိုင်လိုက်တော့မှ ကိုယ့်အမေ ..
“အမေ သားကို ပိုက်ဆံလွှဲပေးအုံးနော်” စသဖြင့် ပြောရင် အိမ်နဲ့ အလွမ်းသယ် (ပိုက်ဆံလည်းသယ်) 😛 ခဲ့ရသည်မှာ လွန်ခဲ့သော ၁၃ နှစ်လောက်က ဖြစ်သည်။

ယနေ့ခေတ်ဟာ အနာဂတ်ခေတ်ဖြစ်မယ်လို့လဲ မတွေးထားခဲ့
အခု သူငယ်ချင်းတစ်ယောက် ဖုန်းလေး screenlock ဖွင့် internet လေးဖွင့်ပြီး messsenger ကနေ video call လှမ်းခေါ်လိုက်တယ်။
ဟိုဘက်ကလဲ
“ဟဲလို ရီရီ(တရုတ်လို အဒေါ်ထင်တာပဲ ကိုယ်လဲ တရုတ်မစစ်တစစ်)”
ဒီဘက်ကလဲ
“ငါ့တူမလေးတွေ မနက်က ဘာတွေလုပ်လဲ နေ့လည်က ဘာလုပ်လဲ” စသဖြင့် တစ်နေ့တာ report တောင်းနေသလို တစ်ခုခြင်းပြောနေကြသည်။ Video Call ပြောရင်း
AR လေးတွေနဲ့ ရုပ်ပြောင်လေးတွေလုပ် ဟိုဘက်ဒီဘက်စ
AR လေးတွေနဲ့ မျက်တောင်မခတ်တဲ့ သူအနိုင် ဂိမ်းလေးတွေ video call ပြောရင်းကစားနဲ့
ကိုယ်ရဲ့ လွန်ခဲ့တဲ့ ၁၃ နှစ်က နဲ့ တော်တော်ကွာပါလား တွေးရင် ဒီနေ့ ခေတ်မှာ မွေးလာတဲ့ ကလေးတွေကို အားကျ နေမိတယ်။
ဒါပေမဲ့လည်း
- ဖုန်းတစ်ခါ ပြောဖို့ အသံတစ်ခုကြားရဖို့ လမ်းထိပ်ပြေး ရတာတွေ…
- မိနစ်တိုင်းဟာ ပိုက်ဆံဆိုတာတွေ…
- အိမ်က ည ၇ နာရီ ဖုန်းဆက်မယ်နော် .. ဖုန်းဆိုင်မှာ ခြင်မောင်းရင်း စောင့်ဆိုတာတွေ…
- လမ်းပျောက်သွားတိုင်း သူငယ်ချင်း မင်းဘယ်နားမှာ ငါဘယ်နားမှာ လို့ပြောလို့မရရင် ကိုယ့်အားကိုယ်ကိုးပြီး ချိန်းထားတဲ့နေရာကို ရှာဖွေရတာတွေ…
- ခက်ခက်ခဲခဲဆိုတဲ့ အရာကို လွယ်လွယ်ကူကူရတာမို့ တန်ဖိုးမထားတာတွေ ..
ဒါပေမဲ့တွေ အများကြီးနဲ့ တွေးရင်း ပြုံးနေရင်း လွန်ခဲ့တဲ့ ၁၃ နှစ်က ကိုယ့်အကြောင်းလေး သတိရမိတယ်။
Comments