ဒီဂျစ်တယ် Marketing လုပ်ငန်းတွေ တွင်ကျယ် လာသလို၊ Digital Marketing သင်တန်းတွေ တောင်လိုပုံတာတွေလဲ ကောင်းတဲ့ လက္ခဏာ တစ်ခုပါ။ ဒါပေမဲ့ သင်ယူလိုသူတွေ အနေနဲ့လဲ ဆုံးဖြတ်ချက်တွေ ပြတ်သားဖို့ အရေးကြီးသလို ဘာလုပ်ရမလဲ သိဖို့လည်း လိုအပ်ပါတယ်။ အချို့ အရာတွေဟာ သင်တန်းတက်ရုံနဲ့ မပြီးသွားသလို လုံးဝ တက်မြောက်သွားပြီ ဆိုတာ တိုင်းတာဖို့ ခက်ပါတယ်။ အထူးသဖြင့် Digital သင်တန်းတွေ၊ နည်းပညာ နဲ့ ပတ်သတ်တဲ့ သင်တန်းတွေပေါ့။ နိုင်ငံတကာ Certificate တွေတောင် Expired Date ဆိုတဲ့ သတ်မှတ်ချက်တွေ ရှိသလို မိမိတို့ သင်ကြားထားတာတွေက အဲဒီထက် မြန်နိုင်ပါတယ်။ အဲဒီအတွက် သင်တန်းတက်သူတွေ Digital Marketing နဲ့ အသက်မွေးဝမ်းကြောင်း ပြုသူတွေ အတွက် စဉ်းစားနိုင်မည့် အချက်လေးတွေ ရေးပေးလိုက်ပါတယ်။ (မှတ်ချက်။ ။ သင်တန်းများကို ထိခိုက်လိုခြင်း ဆန္ဒတစ်စုံတစ်ရာ မရှိကြောင်း နှင့် သင်တန်းသားများအတွက် စဉ်းစားနိုင်အောင် ဗဟုသုတ မ ျှဝေပေးခြင်းသာ)

ကျနော့် အသိအရင်းတွေ ရှိတယ် သူတို့ကို ဘယ်တော့မှ ကျနော် ပြန်သင်ပေးလေ့မရှိပါဘူး။ သူတို့ ကို ကျနော်ကိုယ်တိုင် အချို့ သင်တန်းတွေကို လမ်းညွှန်ပေးလေ့ရှိပါတယ်။ ဒါပေမဲ့ သူတို့ ကိုယ်တိုင် ယောင်လည်လည်ဖြစ်နေဆဲ ဒီနေ့ချိန်ထိ ကိုယ်တိုင်လေ့လာမှု အားနည်းနေတာလဲပါပါတယ်။ သူတို့ ရဲ့ အပြုအမှုတွေကို လေ့လာပြီး ဒီ ခရီးကို စလှမ်းတော့မယ်ဆိုရင် စဉ်းစားဖို့ ဒီအချက်တွေကို ထုတ်ခြင်းသာ ဖြစ်ပါတယ်။

(၁) သင်တန်းပြီးတာနဲ့ Digital Marketer ဖြစ်ခြင်း

အဲလို တွေးထားတယ်ဆိုရင် ၁၀၀ ရာခိုင်နှုန်း မှားနေတယ်လို့ သုံးသပ်လို့ရပါတယ်။ ခုလက်ရှိ မြန်မာနိုင်ငံက သင်တန်း (အများစု)တွေဟာ အခြေခံ အဆင့်သာ သင်ပေးကြတာများပါတယ်။ ဘယ်လို သုံးရမယ်၊ ဘယ်နေရာမှာ ဘာတွေ ရှိတယ်၊ ဘာတွေလုပ်သင့်တယ် စတဲ့ အချက်အလက်တွေ Tools တွေ ကိုသာ သင်ကြားပေးတာပါ။ ဒါကို Boost လေးလုပ်တက်ရုံနဲ့ Digital Marketer ဖြစ်ပြီ၊ Content Calender လေး ရရုံနဲ့ ဖြစ်ပြီ စသဖြင့် တွေးထားလို့ မရပါဘူး။ အပေါ်မှာ ပြောခဲ့သလို မသိနိုင်တာတွေ မလေ့လာသေးတာတွေ တစ်နေ့တစ်ခြား တိုးပွားများပြားနေတာပါ ဒါတွေကို နေ့စဉ် ဆက်လက်လေ့လာနေမှ သာ အဆင်ပြေတဲ့ ခရီးလမ်း ဆက်လျှောက်နိုင်မှာပါ။ ကျနော်ကိုယ်တိုင်တောင် အရင်က အဲလိုဖြစ်ဖူးပါတယ်။ ခု ထိ လမ်းခုလတ်မရောက်သေးဘူးလို့ပဲ သတ်မှတ်ထားပါသေးတယ်။

(၂) သင်တန်းပြီး အလုပ်ရခြင်း

ဒါ ကျနော်တို့ နိုင်ငံမှာသာ နာမည်ရနေတာပါ။ တကယ်တန်း သင်တန်းတစ်ခုတက်ရုံနဲ့ အလုပ်တန်းရမယ်ဆိုတာ မဖြစ်နိုင်တဲ့ အိမ်မက်တစ်ခုပါ။ ဒီနိုင်ငံမှာ မက်ခွင့်ရတယ်ဆိုတာ Resource တွေ ရှားပါးနေတာ တစ်ချက်၊ အလုပ်ရှင်တွေကိုယ်တိုင်က တခြား ပြိုင်ဘက် လုပ်ငန်းတွေ ခေါ်တာနဲ့ ဘယ်သူမှန်းမသိ လိုက်ခေါ်တာတွေ၊ ရာထူး နဲ့ JD တွေက မည်သို့မျှ မဆိုင်ပဲ ကွာခြား အသုတ်စုံ လို ရောသုတ် ရောခိုင်းတာတွေ လည်းရှိနေဆဲပါ။ ရာထူးတွေ ပေးရမှာလဲ ဒီနိုင်ငံမှာ နိုင်ငံတကာ စံချိန် စံညွှန်းတွေ သတ်မှတ်ထားသလို မရှိတဲ့ အတွက် position လေး လှပြီး လုပ်ရတာ Facebook Admin အဆင့်လောက်လည်း ဖြစ်နေတက်ပါတယ်။ အဲတော့ အလုပ်ရှာမယ်ဆိုရင်လည်း Company အပေါ် လေ့လာပြီး ရှာပါလို့ အကြံပေးချင် သလို အလုပ်ရှင်တွေကိုလဲ ကျွမ်းကျင်သူတွေနဲ့တိုင်ပင်ကာ မိမိ Team အတွက် သတ်သတ်မှတ်မှတ် position တွေနဲ့ ခေါ်စေချင်ပါတယ်။

(၃) လုပ်ငန်းသဘောသဘာဝ

ဒီနေရာမှာ ဒါတွေလုပ်ခဲ့ပြီး ရပ်တည်ခဲ့ပေမဲ့ နောက်တစ်နေရာ ဒီ position နဲ့ပဲ ဒါတွေလုပ်ရမယ်ဆိုတာ မရှိပါဘူး။ အဲဒါ Digital Marketing ပိုင်းပါပဲ။ မယုံရင် ကိုယ်စိတ်ဝင်စားတဲ့ position မျိုးလုပ်နေတဲ့ လုပ်ငန်းမတူတဲ့သူ ၂ ဦးလောက်ပဲ မေးကြည့်ပါ။ ဒါကြောင့် အပေါ်မှာ ပြောခဲ့သလို keep learning က အရေးကြီးပါတယ်။

(၄) “ဝ” မရှိပဲ “ဝိ” လုပ်ခြင်း

Marketing အခြေခံ တစ်ခုမှ မရှိပါပဲ Digital Marketing လုပ်လို့မရပါဘူး။ Overall ပြောရရင် ရတယ်ပဲ ပြောလို့ရမယ်။ ဒါတွေက ရေတိုပါပဲ။ Post လေး တင်မယ် Boost မယ်။ Campaign လေးလုပ်မယ်  boost မယ်။ ဒါတွေနဲ့ပဲ လည်နေမှာပါ။ ဟော .. ရောင်းထွက်ရမည့် ပစ္စည်းတွေ ရောင်းပြီဆိုရင် Sale ပါသိထားဖို့လိုမယ်။ Sale Funnel ဆိုတာ အလကားမဟုတ်သလို နေရာတိုင်းမှာ မတူညီတဲ့ ပန်းတိုင်းတွေကို Funnel နဲ့ သွားတာ မျိုးဖြစ်စေချင်ပါတယ်။ဒါမှ step by step သွားနိုင်မှာပါ။ နို့မိုဆို အိတ်ပေါက်နဲ့ ဖားကောက်သလိုဖြစ်နေပါလိမ့်မယ်။ နမူနာကြည့်ရအောင် Funnel တစ်ခုတင်ပေးလိုက်ပါတယ်။

(၅) ရပ်မနေပါနဲ့

ဒါက နောက်ဆုံးအချက်လို့ပဲ ပြောပြီး ရပ်ချင်တယ်။ ကျနော် Post ရဲ့ နောက်ဆုံး ရည်ရွယ်ချက်ကလဲ ဒါပေးဖို့ပါ။ နိုင်ငံတကာမှာ Digital Marketing သင်တန်းတွေ အွန်လိုင်းကနေ အများကြီး တက်လို့ရပါတယ်။ ခေါင်းစဉ်တူ သင်တန်းတောင် သင်ကြားပုံခြင်း မတူပါဘူး။ ဒါတွေကို အဆက်မပြတ်လေ့လာလို့ရသလို Platform တိုင်းမှာ လည်း Learning Academy တွေ (ဥပမာ ဆို Facebook မှာဆို BluePrint , Google ဆို Academy for ads ) စတာတွေမှာ တောင် လစဉ် ပုံစံတွေ ပြောင်းလဲ မှုတွေ ကြုံရပါတယ်။

ဒါကြောင့် ဒီ အသက်မွေးဝမ်းကြောင်း လိုက်မယ်ဆို ရပ်မနေဖို့ အရေးကြီးပါတယ်ဆိုတာ ပြောရင်း ဆရာကြီးများ ဖတ်ကြည့်လို့ လိုအပ်မှုတွေ့ရင် အောက်မှာ အကြံပေးချက်များ ရေးပေးဖို့ တောင်းဆိုပါတယ် 🙂

Wai Yan Thwin

MarTech Blogger

About the Author

This is waiyanthwin’s blog and you can read about Digital-Technology-Business-Personal Topics. I’m working at the Digital/Information Technology/Business industry and I love to share some my experience & knowledge via this blog.

View Articles